ကွန်ပျူတာ၏ဦးနှောက် central processing unit (CPU)

CPU ၏ဆိုလိုရင်းမှာ Central Processing Unit ဖြစ်သည်။ Central Processing Unit ဆိုသည့်အတိုင်း ကွန်ပျူတာဆီသို့ ရောက်ရှိလာသော ညွှန်ကြားချက်၊ အလုပ်အားလုံးကို လုပ်ဆောင်ဆောင်ပေးသည်။ ထို့ကြောင့် ကွန်ပျူတာ၏ဦးနှောက်ဟုတင်စားခေါ်ဝေါ်ကြသည်။ CPU သည် သန်းပေါင်းများစွာသော ထရန်စစ္စတာများနဲ့ ဖွဲစည်းထားသော ရှုပ်ထွေးသော ဆားကစ်တစ်ခုဖြစ်သည်။ ကွန်ပျူတာဆီသို့ ရောက်ရှိလာသော ညွှန်ကြားချက်များကိုလုပ်ဆောင်ရန်၊ အလုပ်အားလုံးကို လုပ်ဆောင်ရန်၊ ဒေတာစီးဆင်းမှုများကို ထိမ်းချုပ်ရန် အတွက် CPU တွင်ပါဝင်သော ထရန်စစ္စတာများသည် တစ်စက္ကန့်လျှင် အကြိမ်ပေါင်း သန်းပေါင်းများစွာသော အဖွင့်အပိတ်လုပ်ကာ ထိမ်းချုပ်လုပ်ဆောင်ပေးသည်။

CPU ကို အောက်ဖော်ပြပါ အစိတ်အပိုင်းများဖြင့် ဖွဲ့စည်းထားသည်။ ၎င်းတို့မှာ

Arithmetic Logic Unit (ALU) (ဂဏန်းသင်္ချာယုတ္တိယူနစ်) သည် ကွန်ပျူတာမှလုပ်ဆောင်ရန်လိုအပ်သော သင်္ချာနှင့် ယုတ္တိဆိုင်ရာ လုပ်ဆောင်ဆောင်ချက်များကို တာဝန်ယူလုပ်ဆောင်သည်။ ALU ၏လုပ်ဆောင်ချက်များတွင် ဂဏန်းများ ပေါင်းခြင်း၊ နှုတ်ခြင်း၊ မြှောက်ခြင်းနှင့် စားခြင်းများပါဝင်သည်။ ထို့အပြင် ဂဏန်း၂လုံးကိုနှိုင်ယှဉ်ခြင်း၊ AND, OR, NOT ကဲ့သို့သော လုပ်ဆောင်ချက်များကိုလည်းလုပ်ဆောင်နိုင်သည်။ ဖော်ပြခဲ့သော လုပ်ဆောင်ချက်များသည် ဥပမာမျှသာဖြစ်ပြီး အခြားသောအလားတူလုပ်‌ဆောင်ချက်များစွာကိုလည်း လုပ်ဆောင်နိုင်သည်။

Control Unit (CU) (ထိန်းချုပ်ယူနစ်) သည် ညွှန်ကြားချက်များကို ထိမ်းချုပ်သည်။ လုပ်ဆောင်ပုံမှာ ALU ကို ဘာလုပ်ရမည်၊ ဘယ်အချိန်မှာလုပ်ရမည် စသည်တို့ကိုညွှန်ကြားပေးသည်။ ထို့အပြင် CPU အလုပ်လုပ်ရန်လိုအပ်သော အချက်လက်များရရှိရန်အတွက် input/output ပစ္စည်းများ နှင့်လည်းဆက်သွယ်သည်။

Registers သည် CPU ထဲတွင်ပါဝင်သော memory အသေးစားလေးများဖြစ်သည်။ ၎င်းတို့ကို CPU အလုပ်လုပ်နေစဉ်လိုအပ်သော အချက်အလက်များ ယာယီသိမ်းဆည်းရန်သုံးသည်။

Cache ဆိုသည်မှာ CPU ထဲ့တွင်ပါဝင်သော မြန်နှုန်းမြင့် memory အနည်းငယ်ဖြစ်သည်။ ၎င်းသည် မကြာသေးမီက အသုံးပြုထားပြီးသော ညွှန်ကြားချက်၊ အချက်အလက်များသိမ်းဆည်းအသုံးပြုသည်။ cache ၏ လုပ်ဆောင်မှုများကြောင့် CPU သည် ညွှန်ကြားချက်၊ အချက်အလက်များကို လျှင်မြန်စွာရယူနိုင်သည်။

တစ်စက္ကန့်အတွင် CPU က ပြည်စုံအောင်မြင်စွာ လုပ်နိုင်သည့် အလုပ်အရေအတွက်သည် CPU ၏မြန်နှုန်းဖြစ်ပြီး hertz (Hz) ဖြင့်တိုင်းတာသည်။ ၎င်းကို clock speed ဟုခေါ်သည်။ clock speed များလေလေ CPU က ညွှန်ကြားချက်၊ လုပ်ဆောင်ချက်များကို လျှင်မြန်စွာလုပ်ဆောင်နိုင်လေလေဖြစ်သည်။ သို့သော်လည်း clock speed တစ်မျိုးတည်းပေါ်မူတည်ပြီး CPU တစ်လုံး၏ မြန်နှုန်းကို မဆုံးဖြတ်နိုင်ပေ။ CPU တွင်ပါဝင်သော အလုပ်လုပ်နိုင်သောယူနစ် (the number of cores)၊ cache အရွယ်အစား၊ လုပ်ဆောင်နိုင်သော ညွှန်ကြားချက် အမျိုးအစား များပါထည့်သွင်းပြီးမှသာ CPU ၏မြန်နှုန်းကို ဆုံးဖြတ်နိုင်သည်။