
ကွန်ပျူတာ Operating System (OS) - ပင်မစနစ်
ကွန်ပျူတာအသုံးချနယ်ပယ်မှာအသက်မွေးဝမ်းကြောင်းလုပ်ကိုင်မည့်သူအနေဖြင့် ကွန်ပျူတာ Operating System (OS) ဆိုတာကိုတော့ အနည်းဆုံးအကျွမ်းတဝင်သိရှိဖို့လိုသည်။
Operating System (OS) သည် ကွန်ပျူတာတွင်ပါဝင်သော ဟာ့ဒ်ဝဲ (hardware) နှင့် ဆော့ဖ်ဝဲ (software) တွေကို အတူတွဲအလုပ်လုပ်ဆောင်နိုင်စေရန် စီမံပေးသော ဆော့ဖ်ဝဲ (software) ဖြစ်သည်။
ကွန်ပျူတာတစ်လုံးတွင် မပါမဖြစ် မရှိမဖြစ် အရေးအကြီးဆုံး ဆော့ဖ်ဝဲမှာ Operating System (OS) ဖြစ်သည်။ ဆိုလိုသည်မှာ ကွန်ပျူတာတစ်လုံးတွင် အခြားဆော့ဖ်ဝဲများမပါဝင်ပါက ၄င်းဆော့ဖ်ဝဲနှင့်သက်ဆိုင်သော လုပ်ငန်းပိုင်းများသာအသုံးပြု၍ မရနိုင်ခြင်းသာဖြစ်နိုင်သော်လည်း Operating System (OS) ဆော့ဖ်ဝဲ မပါဝင်သော ကွန်ပျူတာတစ်ခုလုံး လုံးဝအသုံးပြုနိုင်မည်မဟုတ်ပါ။
ကွန်ပျူတာတစ်လုံးတွင် Operating System (OS) ရဲ့ လုပ်ဆောင်မှုများ
ကွန်ပျူတာကိုအသက်ဝင်စေခြင်း
ကွန်ပျူတာကိုဖွင့်လိုက်သောအခါ Operating System (OS) သည် လက်ရှိကွန်ပျူတာတွင်ပါဝင်သော ဟာ့ဒ်ဝဲ (hardware) အားလုံးနှင့် ၄င်းကိုယ်တိုင်သည် ကွန်ပျူတာတွင်ထည့်သွင်းထားသော အက်ပလီကေးချင်း (application) များ အသုံးပြုနိုင်စေရန်အတွက် အဆင်သင့်ဖြစ်စေသည်။
ဟာ့ဒ်ဝဲ (hardware) များကိုစီမံခြင်း
ကွန်ပျူတာတွင်ပါဝင်သော (သို့) ထည့်သွင်းထားသော အက်ပလီကေးချင်း (application) တစ်ခုချင်းစီတိုင်းသည် လက်ရှိကွန်ပျူတာတွင်ရနိုင်သော ဟာ့ဒ်ဝဲ (hardware) အားလုံးကို လိုအပ်သည့်အချိန်တွင် အသုံးပြုနိုင်ရန်နှင့် တစ်ချိန်တည်း တစ်ပြိုင်နက် ဖြစ်သော အသုံးပြုခြင်းများ ကိုလည်း Operating System (OS) က ပဲ စီမံသည်။
အက်ပလီကေးချင်း (application) များအတွက်ဝန်ဆောင်မှု
အက်ပလီကေးချင်း (application) တစ်ခု အလုပ်လုပ်ရန်လိုအပ်သော ဖိုင်၊ နေရာ (memory)၊ ၄င်းအက်ပလီကေးချင်း (application) လုပ်ဆောင်မှု ကိုစီမံခြင်း ကဲ့သို့သော ဝန်ဆောင်မှုများကိုလည်း Operating System (OS) က ပဲစီမံပေးသည်။
User interface
အသုံးပြုသူသည် ကွန်ပျူတာကို မိမိလုပ်စေလိုသော အလုပ်များကို စေခိုင်းသည့်အခါတွင် လွယ်လင့်တကူ စေခိုင်းနိုင်ရန် ကွန်ပျူတာနှင့် အသုံးပြုသူကြားတွင်လည်း ကြားခံဆက်သွယ်မှုကိုလည်း Operating System (OS) ကပဲလုပ်ပေးသည်။ Operating System (OS) ပေါ်မူတည်ပြီး User interface သည် command-line interface (CLI) နှင့် graphical user interface (GUI) ဆိုပြီးဖြစ်နိုင်သည်။
ကွန်ပျူတာအသုံးပြုသူသည် Command-line interface ကို အသုံးပြုပြီး ကွန်ပျူတာကိုစေခိုင်းလိုသောအခါ စာဖြင့်ရိုက်၍စေခိုင်းနိုင်သည်။ Graphical user interface (GUI) တွင် မြင်တွေ့နေရသော ပုံ (သို့) အိုင်ကွန် (icon) ကို မောက်စ် (mouse) ကိုအသုံးပြု၍ နှိပ် (click) ပြီး စေခိုင်းနိုင်သည်။
ဖော်ပြပါလုပ်ဆောင်မှုများအပြင် အခြားသောလုပ်ဆောင်မှုများကိုလည်း Operating System (OS) မှ လုပ်ဆောင်ပေးသေးသည်။
ထင်ရှားသော Operating System (OS) များမှာ
Windows (by Microsoft)
macOS (by Apple)
Linux (a family of open-source operating systems)
Android (by Google)
iOS (by Apple)
တို့ဖြစ်သည်။