Domain Name System (DNS) ၏လုပ်ဆောင်ပုံသည် ဖုန်းတွင်ပါရှိသော contacts အလုပ်လုပ်ပုံနှင့်ဆင်တူသည်။ ဖုန်း၏ contacts တွင် လူပုဂ္ဂိုလ်အမည်၊ လုပ်ငန်းအမည် စသောအမည်များနှင့် ၎င်းတို့နှင့်သက်ဆိုင်ရာဖုန်းနံပါတ်များကို တွဲဆက်မှတ်ပေးထားသည်။ ထို့ကြောင့် အသုံးပြုသူများသည် ဖုန်းနံပါတ်များထက် မှတ်သားရပိုလွယ်ကူသော သက်ဆိုင်ရာအမည်များကြောင့် အသုံးပြုရန်ပိုမိုလွယ်ကူစေသည်။ DNS သည်လည်း ဝက်ဆိုက်တည်ရှိရာ server ၏ IP address နှင့် ဝက်ဆိုက်အမည်ဖြစ်သော domain name ကို တွဲဆက်မှတ်ထားပေးထားသောကြောင့် မှတ်သားရလွယ်ကူစေသည်။ ဥပမာ အသုံးပြုသူမှ “digitalduty.org” ဟု web bowser တစ်ခုခုတွင်ရိုက်ထည့်လိုက်လျှင် သက်ဆိုင်ရာ IP address ရှိ web server ကိုဆက်သွယ်ပြီး ဝက်ဆိုက်၏အရင်းအမြစ်များကို ရယူပြီး အသုံးပြုသူ၏ ကွန်ပျူတာမျက်နှာပြင်တွင် ဖော်ပြပေးသည်။
DNS ၏ အလုပ်လုပ်ဆောင်ပုံမှာ
၁. domain name ရိုက်ထည့်ခြင်း - အသုံးပြုသူမှ ဥပမာ “digitalduty.org” ကို web browser တစ်ခုခု၏ address bar မှာ ရိုက်ထည့်လိုက်သည်ဆိုပါစို့။
၂. web browser မှ DNS server သို့ဆက်သွယ်ခြင်း - web browser တစ်ခုသည် ၎င်း၏ address bar မှ domain name တစ်ခုလက်ခံရရှိသောအခါ DNS server ကိုဆက်သွယ်သည်။ DNS server သည် domain name နှင့် IP address များ တွဲဆက်ပြီး သိုလှောင်ထားသော နေရာကြီးဖြစ်သည်။
၃. DNS server သည် browser ၏ address bar တွင်ရိုက်ထည့်ထားသော domain name နှင့်တွဲဆက်ထားသော IP address ကိုရှာဖွေခြင်း - ၎င်းအဆင့်တွင် ဥပမာတွင် ရိုက်ထည့်ထားသော “digitalduty.org” ၏ IP address ကိုရှာဖွေသည်။
၄. web browser သည် DNS server မှပြန်ပေးလာသော IP address သို့ request လွှတ်ခြင်း - ဝက်ဆိုက်၏ content များဖြစ်သော HTML ကုတ်၊ ပုံများနှင့် ရုပ်သံဖိုင်များ အတွက် browser သည် ရရှိလာသော IP address ရှိ web server သို့ request တစ်ခု ပို့လွှတ်သည်။
၅. web server သည် request ကိုလက်ခံပြီး content များကိုပြန်လည်ပေးပို့ခြင်း - web browser သည် ရှိလာသော content များကို အသုံးပြုသူ၏ ကွန်ပျူတာမျက်နှာပြင်ပေါ်တွင် ဖော်ပြပေးသည်။
ဝက်ဆိုက်တစ်ခုကို အသုံးပြုတိုင်းတွင် ဖော်ပြခဲ့သော လုပ်ငန်းဆောင်တာကိုများကို DNS သည် နောက်ကွယ်မှ ဆောင်ရွက်ပေးသည်။ ၎င်းသည် အင်တာနက်၏ အရေးကြီးသော အခြေခံလိုအပ်ချက်ဖြစ်သည်။